ရွာမလိုလိုနဲ့ တိမ်ညိုတွေပဲ
ပြနေတော့
ဘ၀ဇာတ်ခုံထက်
မိုင်တိုင်တွေရေတွက်ရင်း လမ်းလျှောက် …
အနာဂတ် ကောင်းကင်တစ်ခွင်
တိမ်ရိပ်ဆင်လို့
တစ်ချိန်မှာ
လျှပ်ရောင်လက်လေမလား … …
ထင်ယောင်ထင်မှားအတွေးတွေထဲ
မျှော်ငေးရတဲ့ ညနေက များတယ် … …။
တကယ်ဆို … မိုးရယ်
လမှန်အိမ်ကို တိမ်ညိုကွယ်ဝှက်
မိုးသက်လေရိပ် တစ်ချက်ဝေ့တိုင်း
ရွာလိမ့်နိုးနိုး မျှော်ကိုးရလွန်းလို့
ပျိုးနေမယ့်အစား …
မျှော်သူ့ ရင်ရိပ် အေးမြစေဖို့အတွက်
ရွာမယ်ဆိုလဲ သည်းသည်းမည်းမည်းပေါ့ကွယ် …။
သည်ကမ္ဘာမြေထက် စိုလက်စေဖို့
နောက်နောင်အခါ မရွာနိုင်ဘူးဆိုလဲ …
မျှော်ငေးရသူ
တမင်ဆွေးစေ စိတ်ကရည်လျှက် …
လွမ်းရိပ်ဖွဲ့ယှက် နှလုံးအိမ်ထက်
အိပ်စက်ခက်အောင်
ညိုပါနဲ့လား မိုးရယ် …။
Post a Comment