မနက်ဖြန်များစွာ

သစ်ရွက်တို့ လှုပ်ခတ်
လေပြေတိုးသံ ခပ်သဲ့သဲ့နှင့်အတူ
အချိန်နှင့်အမျှ
ပြောင်းလဲတတ်သော ဘဝ
တစ်ခါတစ်ရံ အေးမြသလို
တစ်ခါတစ်ရံ ပူလောင်နေ …
မပျက်မကွက် ရွေ့ လျားသွားနေကြ နာရီလက်တံများမှာ
စိတ်ရဲ့ လိပ်ပြာ
လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား …။

ပန်းပွင့်တို့ ဝေ့၀ဲ
အဖျားခတ် မုတ်သုံတစ်ချက်နှင့်အတူ
အချိန်တိုတစ်ခုအတွင်းမှာ
တိုးတိတ်စွာ ဖွဖွနင်းလျှောက်
နှလုံးသားထဲ အသာအယာရောက်လာသောသူတစ်ယောက်
ရှင်သန်နေဆဲ ရင်ခုန်သံများအား
ဖြူစင်သော စိတ်နှလုံးဖြင့် နားဆင်ခွင့် ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ …
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား …။

လေနှင်တိုင်း ယိမ်းနွဲ့
ညနေခင်းရဲ့ အရိပ်နှင့်အတူ
ငါ့ရင်ထဲက ဆန္ဒမြစ်ကျဉ်း
စီးဆင်းခွင့်ရစဉ်အခိုက်အတန့် …
သူကမ်းလင့်သော ချစ်ခင်မြတ်နိုးခြင်းများ
ငါ နှစ်လိုမိသော သူတစ်ယောက် …
ထိုလက်ကို စိတ်ကူးမှာ မြဲမြံစွာကိုင်ထား
နွေးထွေးသော စက္ကန့်များအား
အပူအပင်ကင်းစွာ ပိုင်ဆိုင်ခွင့်ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား....။
0 Responses

ရင်ထဲကစကားလုံးလေးများ