နိုဝင်ဘာ နှစ်ဆယ့်သုံး



အမှတ်တမဲ့နဲ့ ဖြတ်ပြေးသွားတဲ့ နေ့ရက်များစွာ
တစ်ရက် တစ်လ ကိုးလ … ဆယ်လမြောက်တဲ့
ဒီနေ့နံနက်ခင်းဟာ ငါ့ကို ငုံ့မိုးကြည့်ပြီး…
တိုးတိုးငြင်သာ သက်ပြင်းဖွဖွအသာချ
ကြင်နာစွာ ပြောပြသွားတယ် …
သနားစရာမိန်းကလေးရယ် …
ဝေဒနာတွေရမှာစိုးပါတယ် တဲ့

ပေါ့ရှပ်ရှပ် ကျော်လွှားသွားတဲ့ စက္ကန့်များစွာ
တစ်
နှစ်
သုံး
ဟော … ငါးဆယ့်နဲ့ငါးမိနစ်တိတိမှာ
ကမ္ဘာထက်ကို ကြယ်တစ်ပွင့်လွင့်ဝဲကြွေသက်…
ရင်ထဲမှာ လှပ်ခနဲအေးစက်
နှင်းစက်တွေကြား စိုစွတ်တဲ့မျက်ဝန်းတစ်စုံ …
နေသားမကျ လန့်ဖြန့် ငိုယိုလို့
ဟင် …
ငါ့ဘေးနားက လူသားအားလုံး
ကြည်နူးစွာ ရယ်ပြုံး
နှလုံးသားတွေက ဆိုကြတယ် …
Welcome to our world

နိုဝင်ဘာ …
ဒီဇင်ဘာ … …
ဇန်န၀ါရီ … … …
ကုန်လွန်သွားတဲ့ ခုနှစ်သက္ကရာဇ်တွေထဲ
တစ်လှမ်းခြင်း တစ်လှမ်းခြင်း
မတတ်တတတ်နဲ့ လမ်းလျှောက်သင်ခဲ့ …
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့အရေး
ဘေးက တွဲဖက်ကူမပေးခဲ့ရ …
လဲကျမယ်ကြံတာနဲ့ မနာကျင်အောင်
ကာကွယ်စောင့်ရှောက်မဲ့ တံတိုင်းများက နေရာတိုင်းမှာ …
အဲ့ဒီလက်ဖ၀ါးတွေကို လွမ်း … …
နွေးထွေးတဲ့ အနမ်းတွေကို လွမ်း …
ကျစ်ကျစ်ပါအောင် ဖက်ထားတဲ့ ရင်ခွင်ကို လွမ်း …
အိပ်ယာဝင်ပုံပြင်တွေကို လွမ်း …
ထမင်းဆီဆမ်းနဲ့ ရွှေလင်ပန်းကို လွမ်းတယ် …။

၂၀၀၀
၂၀၀၁
၂၀၀၂
ဘာလိုလိုနဲ့ ဆယ်စုနှစ်နောက်တစ်ခု ကုန်ဦးတော့မယ် …
စာသင်ကျောင်း …
ခေါင်းလောင်းထိုးသံတွေ
စာမေးပွဲ … ကျောင်းစာ … တစ်နှစ်တစ်တန်းမှန်မှန်တက်ဖို့အရေး
ခေါင်းထဲမှာ ဒီအတွေးပဲရှိခဲ့ …
ရီပို့ကဒ်ပိုက်ပြီး အိမ်ပြန်တဲ့လမ်း
ဆီးကြိုတဲ့ တစ်ဖက်လပ်အိမ် …
… … …
နှိမ်စပြုလာတဲ့ လောကကြီးထဲ
ဉာဏ်တိမ်တဲ့ ငါက …
အတွေ့အကြုံမှာ သုံည …
တစ်ခါမှ မရဖူးတဲ့ ဒဏ်ရာတွေကို နာရကောင်းမှန်းလဲ မသိခဲ့ ...
ပင်လယ်ပြင်ထဲ ရေငတ်ရတဲ့အကြောင်းလဲ ခေါင်းထဲမထဲ့တတ်ခဲ့ …
ပြုံးမြမြ မျက်နှာပေးနဲ့ ဘာကိုမှ အလေးအနက်မတွေးတတ်ခဲ့ …
ဆန္ဒရှိတိုင်းဖြစ်မယ်ထင်ခဲ့တဲ့ ဘဝ
ဘယ်နေရာမှာမှ ထပ်တူမကျခဲ့ရ …
အဲ့ဒါ ဆယ်ကျော်သက်ဘ၀တဲ့လား
ဟင်းးးး
ဗလာမဲကလဲ များလိုက်တာ …။

တစ်နှစ်
နှစ်နှစ် …
သုံးနှစ်
နိုဝင်ဘာတွေက အပြေးအလွှား …
အိုး … စိတ်ညစ်စရာ
လူကြီးမဖြစ်တစ်ဖြစ်နဲ့ နေရတာ ဂွကျတယ် …

ပြုံးပြလိုက်
မဲ့ပြလိုက်
မျက်စောင်းထိုးလိုက်
ခြေဆောင့်လိုက်နဲ့ …
အလိုမကျတဲ့ စိတ်ဆန္ဒတွေက
ပူဆာတိုင်းမရနိုင်မှန်း သူ့အလိုအလျောက် သိစပြုလာ …
ကြည့်ရတာ ဟန်မကျ ပန်မကျ …
တမ်းတတိုင်းလဲ ပြန်မရနိုင် …
အားတင်းကာ ထွက်လာခဲ့ပေမဲ့
စိတ်ထဲကတော့
ဟင့်အင်း …
ဘ၀ထဲကလမ်းတွေကို ငါ မနင်းချင်သေးပါဘူးဆို …
အဲ့ဒီနှစ်တွေမှာ
လန့်ဖျားဖျားသွားတယ် …။

၂၀၀၇
၂၀၀၈
လုပ်သင့်တာနဲ့ လုပ်ချင်တာ အဲဒီနှစ်ခုလွန်ဆွဲတဲ့ပွဲမှာ
မနေတတ်မထိုင်တတ်
တစ်ယောက်ထဲ ဖြစ်ဖြစ်နေတဲ့ သက္ကရာဇ်တွေ
တကယ်တမ်းကျတော့
ဧည့်သည်ဆိုတာ တစ်ခြားသူတွေမှ မဟုတ်တာ
ကိုယ့်အနီးအနားက
မိဘ မောင်နှမ ချစ်သူ သူငယ်ချင်း မိတ်ဆွေ
ဒါတွေပဲဆိုတာ အချိန်အတော်ကြာမှ
ရိပ်မိ … သိရှိခဲ့ရ …
ဒီလိုနဲ့ပဲ ခပ်ဆတ်ဆတ်အရိုက်ခံရမှ
အ … … …
အိပ်မက်က လန့်နိုးလာခဲ့တဲ့
နိုဝင်ဘာည …
အသိုက်ပျောက်တဲ့ ငှက်ငယ်က
အသိုက်ဆောက်မဲ့ အိပ်မက်ကို မက်တယ် …။

နှစ်ဆယ့်တစ်
နှစ်ဆယ့်နှစ်
နှစ်ဆယ့်သုံး
ဟောဒီရက်ပဲ …
ခရစ်သက္ကရာဇ်နှစ်ထောင့်ကိုးထဲက ဘာအရောင်မှမဆိုးတဲ့
နိုဝင်ဘာ နှစ်ဆယ့်သုံးဆိုတာ …
တစ်ခြားနေ့ရက်တွေလိုပဲ
အဲ့ဒီမနက်မှာ အရှေ့ ဘက်က နေထွက်…
ကမ္ဘာကြီးကလဲ ခါတိုင်းဒီဂရီအတိုင်း လည်ပတ်
လူတွေကလဲ တစ်ယောက်ပုခုံးတစ်ယောက် နင်းတက်
ငါလဲ ပုံမှန်အတိုင်း လမ်းလျှောက်ထွက်ခဲ့ …
ပြောနေကျ စကားတစ်ခွန်းပဲ ကိုယ့်ကိုယ်ကို ထပ်ပြောမယ် …

ကံကြမ္မာအလှည့်အပြောင်းမှာ
တစ်ရံတစ်ခါရွဲ့ စောင်းလဲ
အကြောင်းသဘောအမှန်ကြည့်ရင်
ကောင်းသော သဏ္ဌာန်ရှိကြောင်း
ဘုရားသိရင် တော်ပြီ …။


ရင်ထဲကစကားလုံးလေးများ